နိုဝင်ဘာ ၃၀၊ ၂၀၂၁
တိုရွန်တို - ယခုလာမည့် အားလပ်ရက်ရာသီများတွင် လူနေမှုဘဝများ ပိုမိုကောင်းမွန်စေရန် လုပ်ဆောင်သွားကြမည့် စိတ်ဓါတ်ဖြင့် Manulife အနေနှင့် ကမ္ဘာတစ်ဝန်လုံးမှ ဝန်ထမ်းပေါင်း ၃၇၀၀၀ ကျော်ဆီသို့ မိမိတို့၏ သက်ဆိုင်ရာဒေသ တွင်း လူမှုအသိုက်အဝန်းများအတွက် ဆောင်ရွက်နိုင်စေရေး တစ်ဦးလျှင် ကနေဒါဒေါ်လာ ၅၀ နှင့်ညီမျှသော နိုင်ငံအသီးသီး ၏ ငွေကြေးတန်ဖိုးကို ပေးအပ်သွားမည်ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်တွင် စတင်လုပ်ဆောင်ခဲ့သော အဆိုပါ #ManulifeActofKindness အစီအစဥ်ကို ယခုနှစ်တွင်လည်း နိုင်ငံအသီးသီးမှ လုပ်ဖော်ကိုင်ဖက်များနှင့်အတူ ကမ္ဘာကြီး အတွက် အထောက်အကူဖြစ်စေရန် ပြန်လည်လုပ်ဆောင်ခြင်းလည်း ဖြစ်သည်။
Manulife ၏ President နှင့် Chief Executive Officer ဖြစ်သူ Roy Gori က “ ကျွန်တော်တို့တစ်တွေရဲ့ အောင်မြင်မှု က အခု ကမ္ဘာကြီးရဲ့နေရာအသီးသီးမှာရှိကြတဲ့ မိသားစုတွေ၊ လူ့အသိုက်အဝန်းတွေအတွက် အခက်အခဲကြုံနေရချိန်မှာ ကျွန်တော်တို့က ဒီအသိုက်အဝန်းအတွက် လုပ်ပေးနိုင်တာ၊ ပြန်လည်အသိအမှတ်ပြုလုပ်ဆောင်တာတွေ အပေါ်မှာ အများ ကြီး မှီတည်နေတာဖြစ်ပါတယ်။ မိုးစက်တစ်ပေါက်ချင်းစီကို စုစည်းပြီး ပင်လယ်ကြီးဖြစ်လာသလိုပဲ သေးငယ်တဲ့ လူသားချင်းစာနာထောက်ထားတဲ့လုပ်ဆောင်မှုတွေလို့ ဆိုသော်ငြား အတူတကွ စုပေါင်းလုပ်ဆောင်မယ်ဆိုရင် ပတ်ဝန်းကျင် အတွက် ကြီးကြီးမားမားအကျိုးပြုနိုင်တာဖြစ်လို့ ကျွန်တော်တို့အနေနဲ့ #ManulifeActofKindness အစီအစဥ်ကို စိတ်လှုပ်ရှားစွာနဲ့ ပြန်လည်ဆောင်ယူလာခဲ့တာပဲဖြစ်ပါတယ်။” ဟု ပြောကြားသည်။
Manulife ၏ ကမ္ဘာအနှံ့အပြားမှ ဝန်ထမ်းများအနေဖြင့် နှစ်ကုန်အထူးလက်ဆောင်များ၊ အခမ်းအနားများကို မပြုလုပ် တော့ဘဲ ယခုကဲ့သို့ အဓိပ္ပာယ်ပြည့်ဝသည့် လူသားချင်းထောက်ညှာသော အကူအညီပေးမှုများကိုသာ လုပ်ဆောင်ရန် ရွေးချယ်ခဲ့ကြခြင်းလည်းဖြစ်သည်။
ထိုသို့ ကူညီဆောင်ရွက်မှုများကိုမူ Manulife ဝန်ထမ်းများက ၎င်းတို့၏ လူမှုကွန်ရက်များနှင့် #ManulifeActofKindness အစီအစဥ်အတွက် ပြုလုပ်ပေးထားသည့် manulife.com/actofkindness တွင် မျှဝေသွားကြမည်ဖြစ်သည်။
အဆိုပါအစီအစဥ်နှင့်အတူ Manulife မှ လူသားများ၏ ကျန်းမာခြင်းနှင့် ငွေကြေးအရ လုံခြုံစိတ်ချရသည့် ဘဝနေထိုင်မှု များဖြစ်လာစေရန် အဓိကစံသတ်မှတ်ချက်များဖြစ်သော Do the right thing နှင့် Share our humanity ကို ဖော်ဆောင်နိုင်ရန်အတွက် အခြားသော စိတ်တူကိုယ်တူရှိသည့် အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းလုပ်ဆောင်မှုများရှိခဲ့ပြီး ယင်းအစီအစဥ်များမှတစ်ဆင့် အပြောင်းအလဲများစွာကို လုပ်ဆောင်နိုင်ခဲ့ရာ ယင်းတို့အထဲတွင် ရံပုံငွေတိုက်ရိုက်ပံ့ပိုးခြင်း၊ ဝန်ထမ်းများမှတဆင့် စုပေါင်းလှူဒါန်းခြင်းအပြင် ရံပုံငွေရှာဖွေခြင်းများကို လုပ်ဆောင်နိုင်ခဲ့သည်။ ၂၀၂၀ ခုနှစ်အတွင်း Manulife အဖွဲ့အစည်းတစ်ခုလုံးအနေဖြင့် ဒေါ်လာ ၂၁ မီလီယံအထိ လှူဒါန်းခဲ့ပြီး ဝန်ထမ်းများ၏ စုပေါင်းလှူဒါန်းမှုမှာ ဒေါ်လာ ၄.၂ မီလီယံအထိရောက်ရှိခဲ့သည်။
ထို့အပြင် ဝန်ထမ်းများ၏ ကျွမ်းကျင်မှုဆိုင်ရာ အခွင့်အလမ်းများ၊ ချိတ်ဆက်လုပ်ကိုင်မှုများနှင့် လူမှုအသိုက်အဝန်းထံသို့ ပြန်လည်လုပ်ဆောင်ပေးလိုမှုများတွင် ပိုမိုရင်းနှီးမြှုပ်နှံလိုသည့် Manulife အနေဖြင့် ၎င်းတို့၏ စေတနာ့ဝန်ထမ်းစိတ်ဓါတ် များကိုပါ မြှင့်တင်ပေးနိုင်ရန် တွန်းအားပေးလုပ်ဆောင်နိုင်ခဲ့သည်။ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်အတွင် Manulife အဖွဲ့သားများ ၏ စေတနာ့ဝန်ထမ်းလုပ်ဆောင်ခဲ့မှုမှာ နာရီပေါင်း ၃၁,၇၉၅ ကြာ ရှိခဲ့သည်။