လစဉ်ဘတ်ဂျက်ကို စနစ်တကျ စီမံခန့်ခွဲသင့်တဲ့ အကြောင်းရင်း (၃) ချက်

ဘတ်ဂျက်ခွဲတယ်ဆိုတာ ငွေရေးကြေးရေး စီမံခန့်ခွဲမှုတစ်ခုဆိုတာထက် ပိုပါတယ်။ ဒါက ငွေနဲ့ ကိုယ့်ကြားက ဆက်ဆံရေးကို တိုးတက်စေသလို ပိုခိုင်မာတဲ့ အနာဂတ်အတွက်လည်း လမ်းဖောက်ပေးနိုင်တယ်လေ။ လိုချင်စရာတွေ များပြီး မမျှော်လင့်ထားတဲ့ ဖြစ်ရပ်တွေ အမြဲရှိတဲ့ ကမ္ဘာကြီးမှာ လစဉ် ဘတ်ဂျက်ချခြင်းကလည်း ငွေကြေးကို အမျှော်အမြင်ရှိရှိ သုံးစွဲတတ်မှုရဲ့ အခြေခံတစ်ခုပါပဲ။ ဒါဆို ဒီအလေ့အကျင့်ကို ဘာလို့ လုပ်သင့်တာလဲဆိုတဲ့ အကြောင်းရင်း (၃) ချက်ကို အတူတူ ကြည့်ကြည့်လိုက်ရအောင်။
၁။ ထိန်းချုပ်ရင်းနဲ့ လွတ်လပ်မှုကို ရယူပါ။
လစဉ် ဘတ်ဂျက်ခွဲရခြင်းရဲ့ အဓိက အကြောင်းရင်းတစ်ချက်ကတော့ မလိုအပ်တဲ့ အရာတွေပေါ်မှာ ငွေတွေ သုံးစွဲနေတာကို ရပ်တန့်နိုင်ဖို့ပါပဲ။ ဘတ်ဂျက်ခွဲတမ်းချပြီးတဲ့အခါမှာ ကိုယ့်ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စတွေပေါ် ငွေကြေးသုံးစွဲတဲ့နေရာမှာ ထိန်းချုပ်နိုင်သွားသလို ဘယ်နေရာတွေမှာ ငွေအထွက်များနေတယ်ဆိုတာကိုလည်း သဘောပေါက်နားလည်စေနိုင်မှာပါ။ ဒီလို ထိန်းချုပ်နိုင်ခြင်းဟာ ကိုယ့်ငွေကို ဘယ်လိုသုံးမယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေ ချရမှာလည်း ကူညီပေးနိုင်သလို ကိုယ့်ကိုယ်ကိုယ် ထိန်းနိုင်တယ်ဆိုတဲ့ စိတ်ခွန်အားကိုလည်း ရစေပါတယ်။ ဘယ်နေရာမှာ ငွေဘယ်လောက်သုံးလိုက်တယ်ဆိုတာ သိနေတဲ့အတွက် ဘာပဲဝယ်ဝယ် ကိုယ် ရှာဖွေထားရတဲ့ငွေတွေကို အဓိပ္ပာယ်ရှိရှိ၊ ဆင်ခြင်မှုအပြည့်နဲ့ သုံးစွဲနိုင်တော့မှာပါ။
၂။ ငွေရေးကြေးရေး ခိုင်မာအောင် တည်ဆောက်ပါ။
ဘတ်ဂျက်ချခြင်းဆိုတာက ဝင်ငွေကို စီမံခန့်ခွဲတာပဲ မဟုတ်ပါဘူး။ အနာဂတ်အတွက် အစီအစဉ်ချ၊ ပြင်ဆင်တာပါပဲ။ သေချာ စီမံထားတဲ့ ဘတ်ဂျက်ခွဲတမ်းချခြင်းက ကိုယ့် ရည်မှန်းချက်ကို ရောက်အောင် လျှောက်လှမ်းဖို့ ဘဏ္ဍာရေးဆိုင်ရာ လမ်းပြဖြစ်ပေးနေပါလိမ့်မယ်။ အိမ်ပဲ ဝယ်မလား၊ လုပ်ငန်းသစ်ပဲ စမလား၊ ကမ္ဘာပတ် ခရီးသွားမလား... ဘာပဲ လုပ်လုပ် ငွေကြေးကို စနစ်တကျ စီမံခန့်ခွဲလာနိုင်ပါလိမ့်မယ်။ (ပြောရမယ်ဆိုရင်တော့ ဘတ်ဂျက် ခွဲတမ်းချခြင်းဟာ အိပ်မက်တွေနဲ့ ဖြစ်ချင်တဲ့ ဆန္ဒတွေကို ရည်မှန်းချက် ပန်းတိုင်အဖြစ် ပြောင်းလဲရာမှာ ကူညီပေးနိုင်တဲ့ အခြေခံ အုတ်မြစ်ပါပဲ။)
၃။ ပန်းတိုင်တွေကို ရောက်အောင်သွားပြီး အောင်မြင်မှု အဓိပ္ပာယ်ကို ရှာဖွေပါ။
အရေးပေါ် လိုငွေပဲဖြစ်စေ၊ ကျောင်းတက်ဖို့ ချေးငွေ ပေးရမှာပဲ ဖြစ်စေ၊ အနားယူတဲ့အချိန်အတွက် စုဆောင်းထားတာပဲဖြစ်စေ၊ လူတစ်ဦးချင်း တစ်ယောက်ချင်းစီမှာ ငွေကြေးဆိုင်ရာ ရည်မှန်းချက်လေးတွေ ရှိကြပါတယ်။ လတိုင်း ဘတ်ဂျက်ချခြင်းဟာ ဒီရည်မှန်းချက်တွေ ပြည့်မြောက်ဖို့ သော့ချက်ပါပဲ။ ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီး ပိုထင်ရှားတဲ့၊ ပို စနစ်တကျရှိတဲ့ လမ်းကြောင်းကို ဖော်ဆောင်ပေးနိုင်တဲ့အပြင် ငွေကြေးဆိုင်ရာ ရည်မှန်းချက်တွေကို အချိန်မီ ရောက်ရှိ အောင်မြင်နိုင်ဖို့လည်း ကူညီပေးနိုင်ပါတယ်။ ဒီလို ရည်မှန်းချက်လေးတွေ တစ်ခုပြီးတစ်ခု အောင်မြင်လာတဲ့အခါမှာ အောင်မြင်မှုရဲ့ အဓိပ္ပာယ်ကိုလည်း ကိုယ်တိုင် နားလည်သဘောပေါက် ဖွင့်ဆိုနိုင်ပြီပေါ့။ ဒါဟာ ချမ်းသာလာဖို့ မဟုတ်ပါဘူး၊ ငွေကြေး ခိုင်မာမှု၊ စိတ်အေးချမ်းသာမှုတွေ ရဖို့အပါအဝင် မသေချာတဲ့၊ မမျှော်လင့်ထားတဲ့ ဖြစ်ရပ်တွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာလည်း ယုံကြည်မှု ရှိရှိ ဆက်လက် လျှောက်လှမ်းနိုင်ဖို့ပါပဲ။
လစဉ် ဘတ်ဂျက်ခွဲတမ်းချခြင်းဟာ ငွေကြေးဆိုင်ရာ အလေ့အထတစ်ခုဆိုတာထက် ပိုတဲ့ ဘဝကို ပြောင်းလဲစေတဲ့ အလေ့အကျင့်တစ်ခုပါ။ ထိန်းချုပ်နိုင်ဖို့၊ လုံခြုံနိုင်ဖို့၊ အိပ်မက်တွေအတွက် ရှင်းလင်းသေချာတဲ့ လမ်းကို ဖော်ဆောင်ပေးနိုင်ဖို့ စတာတွေ ပါဝင်တဲ့ အလေ့အကျင့်ကောင်းလေးပဲပေါ့။ ဒီ အလေ့အထလေးကို သေချာ လုပ်ပေးမယ်ဆိုရင် ကိုယ့်ငွေကြေးကို ကိုယ်တိုင် စီမံခန့်ခွဲဖို့သာမက ငွေကြေးလွတ်လပ်ခွင့် အပြည့်ရှိတဲ့ အနာဂတ်နဲ့ အဆုံးမဲ့ ဖြစ်နိုင်ခြေ၊ အလားအလာတွေ ဖြစ်ထွန်းလာစေမယ့် အနာဂတ်ကို ပုံဖော်နေတာပါပဲ။ (ပိုခိုင်မာတောက်ပတဲ့ အနာဂတ်အတွက် အပြောင်းအလဲ ခရီးစဉ်တစ်ခုကို ဘတ်ဂျက်ခွဲတမ်းချနေရင်း ဒီနေ့ပဲ စတင်ပုံဖော်လိုက်ပါ။)
If you liked this article, you may find these interesting
-
Improving Financial Wellbeing
ဆက်လက်ဖတ်ရှုရန် -
Don’t want to delay the insurance claim process. How Should I Do?
ဆက်လက်ဖတ်ရှုရန် -
Let’s Make Contact with Our Hero Advisors, To Be A Better Tomorrow
ဆက်လက်ဖတ်ရှုရန်